နောက်ဆုံးတင်ပေးသော

ဈာန်ပျံ ကောင်းကင်ပျံတိုင်းရဟန္တာမဟုတ်

ဈာန်ပျံ ကောင်းကင်ပျံတိုင်းရဟန္တာမဟုတ်
 ဗုဒ္ဓဘာသာဝင် အများစုသည် ကောင်းကင်မှ ပျံလာသော ရဟန်းတော်တိုင်းသို 'ရဟန္တာ'ချည်းထင်တတ်၏ ။ အကျဉ်းချုပ် မှတ်သားရမည်မှာ 'ကောင်းကင်မှာပျံနိုင်တိုင်း ရဟန္တာမဟုတ်၊ ရဟန္တာတိုင်းလည်းကောင်းကင်မှာမပျံနိုင်' ဟူသော အချက်ပင်ဖြစ်၏ ။ ကောင်းကင်တွင် ပျံနိုင်သောသူသည် သုံဦးရှိ၏ ။ ဆေး၊ အင်း၊ ဓာတ် စသည် အောင်မြင်သဖြင့် ၀ိဇ္ဇာဇော်ဂျီ၊ တပသီအချို့ ကောင်းကင်တွင် ပျံနိုင်၏ ။



ဈာန်အဘိညာဉ်ရသော ရဟန်းအချို့ ကောင်းကင်တွင်ပျံနိုင်၏ ။ ယခုအခါ အဝီစိငရဲ၌ ကျခံနေရသော ' ဒေဝဒတ်ရဟန်း' သည် သံဃာသင်းခွဲသောကံကို မပြုမီ၊ ဘုရားရှင်အား သွေးစိမ်းတည်အောင် မလုပ်မီက ကောင်းကင်ပျံနိုင်သော ဈာန်အဘိဉာဉ်ရ ရဟန်းတစ်ပါးပင်ဖြစ်၏ ။ ဘုန်းကြီးချင်သော လောဘ(စိတ်ယုတ်မာ)ကြောင့် မဟုတ်တာတွေ လျှောက်လုပ်မိသသဖြင့် ဈာန်လျှောပြီး မြေမျိုကာ အဝီစိငရဲသို့ ကျရောက်နေခြင်းဖြစ်၏ ။



ဈာဉ်အဘိညာဉ်ရသော ရဟန္တာများကောင်းကင်တွင် ပျံနိုင်ကြ၏ ။ ဈာန်အဘိညာဉ်မရသော 'သုက္ခဝိပဿကရဟန္တာ' များကာ ရဟန္တာဖြစ်သော်လည်း ကောင်းကင်တွင်ပျံနိုင်ခြင်း မရှိချေ။ ဆက်၍မှတ်ရမည်မှာ ကောင်းကင်ပျံနိုင်ခြင်းသည် ဈာန်၏တန်ခိုးမဟုတ်၊ အဘိညာဉ်၏ တန်ခိုးသာဖြစ်သည်။ ဈာန်နှင့်အဘိညာဉ်သည်မတူပေ။ ဈာန်သည် တိဟိတ်ပုဂ္ဂိုလ်တိုင်း ရနိုင်သော်လည်း အဘိညာဉ်ကား တိဟိတ်ပုဂ္ဂိုလ်ဖြစ်ရုံနှင့် မရ။ အာဟာရဓာတ် အားကောင်းပြီး ကိုယ်ခန္ဓာတောင့်တင်းခိုင်မာဖို့လည်း လိုအပ်၏ ။


ဈာန်အင်္ဂါငါးပါး ရှိသော ပထမဈာန်။

ဈာန်အင်္ဂါလေးပါး ရှိသော ဒုတိယဈာန်။

ဈာန်အင်္ဂါသုံးပါး ရှိသော တတိယဈာန်။

ဈာန်အင်္ဂါနှစ်ပါး ရှိသော စတုတ္ထဈာန်။

ဈာန်အင်္ဂါတစ်ပါး ရှိသော ပဉ္စမဈာန်။ ဟု ငါးပါးရှိသည်။



' မေတ္တာဒယော တယော စတုတ္ထဇ္စုာနိကာ ' ဟူသော အဘိဓမ္မတ္ထသင်္ဂဟကျမ်းအဖွင့်အရ မေတ္တာ၊ ကရုဏာ၊ မုဒိတာသုံးပါးတွင်း တစ်ပါးပါးကို ပွားများလျှင် ပထမဈာန်မှ စတုတ္ထဈာန်အထိ ရနိုင်သည်ဟု သိရ၏ ။ ဈာန်၏အဓိပ္ပါယ်မှာ 'ကိလေသာတို့ကို လောင်မြိုက်ခြင်း၊ ကိလေသာတို့ကို ငြိမ်းစေခြင်း' ဟု ဖြစ်သည်။



သမထကမ္မဋ္ဌာန်း (၄၀)တွင် မေတ္တာဘာဝနာသည် ဈာန်တရားကို အမြန်ဆုံးရ၏ ။ စာတွေ့၊ လက်တွေ့နှစ်ခုလုံးပြပါအံ့။ မဇ္စိုမပဏ္ဏာသပါဠိတော်၊ ဓနဥ္ဇာနီသုတ်အဖွင့်၌ ဓနဥ္ဇာနီပုဏ္ဏားကြီးသည် သေခါနီးကာလတွင် အရှင်သာရိပုတ္တရာကိုပင့်ပြီး တရားနား၏ ။ အရှင်သာရိပုတ္တရာက မေတ္တာပွားများနည်းကို ဟောကြားပေးတော်မူ၏ ။



တရားနားရင်း၌ပင် မေတ္တာဘာဝနာကို ပွားများလေရာ ပထမဈာန်ကို ရ၏ ။ ထိုပထမဈာန်နှင့်သေသောကြောင့် ပထမဈာန်ဗြဟ္မာ့ဘုံသို့ ရောက်ရ၏ ။ ထိုအကြောင်းကို ဗုဒ္ဓသိတော်မူသောအခါ ' မဂ်ဖိုလ်ရနိုင်သူကို ဈာန်ရကြောင်းတရားကိုသာ ဟောရမည်လော' ဟု အပြစ်တင်တော်မူကာ ဗြဟ္မာ့ပြည်အထိ လိုက်ပြီး ဝိပဿနာတရားကို ဟောခိုင်းတော်မူ၏ ။



အရှင်သာရိပုတ္တရာကလည်း လိုက်ဟော၏ ။ ထို့ကြောင့် ဗြဟ္မာပြည်ရောက်မှ ဓနဉ္ဇာနီပုဏ္ဏားသည် မဂ်ဖိုလ်ကို ရသွား၏ ။ ထိုအခါမှနောက် အရှင်သာရိပုတ္တရာသည် တရားဟောသည့်အခါတိုင်း သစ္စာလေးပါးဝိပဿနာတရားကို ထည့်သွင်းဟောကြားတော့သည်။



ဤဖြစ်ရပ်၌ မေတ္တာတရားဟောနေစဉ် ခဏတာအချိန်တွင်းမှာပင် ဈာန်ရသွားသည်ကို ထောက်သောအားဖြင့် ကိလေသာငြိမ်းနေရုံ ဈာန်ရဖို့အတွက်လောက်ကာ မခဲယဉ်းဟု သိနိုင်၏ ။

ဈာန်ရပုံကို အလုပ်နှင့်ညှိ၍ လက်တွေပြအံ့။



မေတ္တာဘာဝနာကို ဈာန်ရအောင် ပွားများလိုသူသည် မိမိကိုယ်ကစ၍ ပွားများရ၏ ။ ပြီးလျှင်မိမိအပေါ် ကျေးဇူးအများဆုံး၊ မိမိအချစ်မြတ်နိုးဆုံးပုဂ္ဂိုလ်၊ ပြီးလျှင် မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်၊ ပြီးလျှင် ရန်သူဖြစ်သူတို့အပေါ် ပွားများရမည်။ ဤကား ဝိသုဒ္ဓိမဂ် အဠကထာလာအတိုင်းဖြစ်၏ ။ ထိုအစဉ်ကို မှတ်မိရန် သီထားသော လင်္ကာတစ်ပုဒ်ကာ -



"မိမိကိုယ်က၊ အဦးစ၍

 ပိယမဇ္စု၊ ဝေရီကျအောင်

 တစ်စတစ်စ၊ သုံးဝပုဂ္ဂိုလ်

 ကိုယ်နှင့်အတူ၊ အမျှမူ၍ "



ပွားများမှု့အားကောင်းလာသည်နှင့် ပထမဈာန်ကို ရရှိ၏ ။ ပထမဈာန်ရပုံကာ-မိမိမေတ္တာပို့လိုသူကို အာရုံယူလိုက်လျှင် ချက်ချင်းရ၏ ။ ဤသည်ကို'ပထမဈာန်၏ ပထမအင်္ဂါဖြစ်သော ဝိတက်' ဟုခေါ်၏ ။ ထိုသူ၏ သွားပုံ လာပုံ ကျန်းမာ ချမ်းသာပုံကို လိုအပ်သလို သုံးသပ်ဆင်ခြင်၍ရ၏ ။ ဤသည်ကို ' ဝိစာရ ' ဟုခေါ်၏ ။



မေတ္တာပွားနေချိန်တွင် ဘာနဲ့မှမတူအောင် အလွန်နှစ်သက်၏ ။ ဤသည်ကို ပီတိ ဟုခေါ်၏ ။ မေတ္တာပွားနေချိန်တွင် အလွန်းချမ်းသာ၏ ။ ဤသည်ကို သုခ ဟုခေါ်၏ ။ မေတ္တာပွားနေချိန်တွင် စိတ်သည်မေတ္တာခံယူသူအပေါ်၌ တည်ကြည်နေ၏ ။ ဤသည်ကို 'ဧကဂ္ဂတာ' ဟုခေါ်၏ ။ ထိုဧကဂ္ဂတာ စေတသိက်ကိုပင် သမဓိ ဟုလည်း ခေါ်ကြ၏ ။



ဆိုအပ်ခဲ့ပြီးသော ဈာန်အင်္ဂါငါးပါးနှင့် ပြည့်စုံနေချိန်ကို ပထမဈာန်ရသည်ဟု ခေါ်သည်။ ထိုပထမဈာန်ရရုံမျှဖြင့် မြေလျှိုးမိုးပျံ ကိုယ်ယောင်ဖျောက်ခြင်းများ မလုပ်နိုင်ပေ။ ထိုပထမဈာန်မှ ပဉ္စမဈာန်အထိရောက်အောင် အစဉ်တိုင်း အစုန်ပွားများနိုင်၏ ။ တစ်ဖန် ပဉ္စမဈာန်မှ ပထမဈာန် ထိရောက်အောင် အဆန်လည်း ပွားများနိုင်၏ ။



ထိုကဲ့သို့ ဈာန်ငါးပါးကို အစုန်အဆန် ပွားများနိုင်ပြီး ဝသီဘော်နိုင်သောအခါ အဘိညာဉ်ကိုရ၏ ။ ထိုအဘိညာဉ်ကို ရသောအခါတွင်မှ ဝါယောကသိုဏ်း ဝင်စားပြီး မိမိကိုယ်ကို ပေါ့ပါးစေကာ ကောင်းကင်သို့ ပျံနိုင်ခြင်းဖြစ်၏ ။



ဤစကားရပ်တို့ကို ထောက်၍ ဈာန်ရရုံမျှနှင့် ကောင်းကင်မပျံနိုင်၊ အဘိညာဉ်အထိရမှသာ ကောင်းကင်ပျံနိုင်သည်ဟု ခွဲခြားမှတ်သားရမည်

ဒါနမြောက်အောင်ပေးပါ

ဒါနမြောက်အောင်ပေးပါ
ဒါနဆိုတာ ပေးကမ်းခြင်းကို ပြောတာဖြစ်ပါတယ်။ သဒ္ဓါတရား အားနည်းလို့ မပေးလိုမကမ်းလိုတဲ့ လူတွေရှိတတ်ပေမယ့် အတော်များများက ရှိရင်ပေးတတ်ကြတဲ့ သူတွေများပါတယ်။ သူများတွေကို ပေးဖို့သဘောမကျတဲ့ သူတွေဖြစ်စေဦးတော့ ကိုယ့်မိဘ၊ မိသားစု၊ ဆွေမျိုးစတဲ့သူတွေ အပေါ်မှာတော့ လိုအပ်ရင် လိုအပ်သလို၊ ရှိရင်ရှိသလို ပေးတတ်ပါတယ်။ အဲဒီလို ပေးတဲ့အခါ သဒ္ဓါတရားကောင်းလို့ စေတနာပြတ်ပြီး ပေးလိုက်ကြတဲ့ အပေါ်မှာ အထွေအထူး ပြောစရာမရှိပေမယ့် မဖြစ်မနေ ပေးနေရတဲ့အပေါ်၊ ဝတ္တရားအရ ပေးနေရတဲ့အပေါ်၊ င့ါမိဘ၊ ငါ့မိသားစုဆိုတဲ့ အသိတွေကြောင့် ပေးနေရတဲ့ အပေါ်တွေမှာ ပြောစရာလေးတွေက ရှိလာပါတယ်။
ပေးချင်လို့ ပေးတာပဲ ဖြစ်ဖြစ်၊ တာဝန်ဝတ္တရား အရပေးတာပဲ ဖြစ်ဖြစ်၊ သဒ္ဓါပေါက်လို့ ပေးတာပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲ ပေးပေး ပေးတယ်ဆိုတာ ဒါနကုသိုလ်ပါပဲ။ ဒါပေမယ့် အဲဒီပေးတဲ့အပေါ်မှာ ပေးတဲ့သူရဲ့ စေတနာကိုလိုက်ပြီး ဒါနမြောက်၊ မမြောက်တော့ ကွာခြားပါတယ်။ စေတနာကောင်းနဲ့ပေးရင် ကုသိုလ်ရပေမယ့် ပေးတဲ့အပေါ်မှာ တဏှာနဲ့ မပေးမိကြဖို့တော့ အထူးသတိပြု ဆင်ခြင်ကြဖို့ လိုပါတယ်။ တဏှာမကပ်တဲ့ ဒါနသက်သက်ပေးခြင်းမျိုးနဲ့ ပေးနိုင်အောင် ကြိုးစားပြီး ဒါနမြောက်အောင် လေ့ကျင့်သင့်ပါတယ်။

လူဆိုတာက ငါစွဲလေးတွေ မကင်းသေးတော့ ပေးတာချင်းအတူတူ ငါနဲ့ပတ်သက်တဲ့ သူတွေကိုပဲ ပေးချင်တတ်ကြတာ သဘာဝပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ငါ့အဖေအတွက်၊ ငါ့အမေအတွက်၊ ငါ့မိသားစုအတွက်၊ ငါ့ဆွေမျိုးအတွက် စသဖြင့် ငါလေးတွေ ဦးစီးပြီး ပေးတတ်ကြခြင်း ဖြစ်ပါတယ်။ အဲဒီလို ပေးတာလည်း ဒါနရဲ့ပေးကမ်းခြင်း သဘောပဲ ဖြစ်ပေမယ့် ပေးတဲ့အပေါ်မှာ ငါဆိုတဲ့ တဏှာက ဦးစီးထားတာဆိုတော့ ဒါနမြောက်မှုထက် တဏှာရဲ့ ချယ်လှယ်မှုနောက်ကို ရောက်သွားတတ်တဲ့ သဘောက ပိုများတတ်ပါတယ်။ ဒါကြောင့်လည်း တစ်ခါတလေ “ငါဒီလောက်ပေးနေတာတောင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတဲ့ စိတ်ကွက်မှုတွေ၊ ငါပေးထားတာတွေကို ဘာလုပ်ပြစ်တယ်၊ ညာလုပ်ပြစ်တယ်” ဆိုတာတွေ ဖြစ်လာပြီး ပေးတာကို အကြောင်းပြုလို့ စိတ်မကောင်းဖြစ်ရတာနဲ့၊ စိတ်အခန့်မသင့် ဖြစ်ရတာနဲ့၊ မပေးတာပဲ ကောင်းပါတယ်ဆိုတဲ့ စိတ်စေတနာ ပျက်မှုတွေ ဖြစ်ရတာနဲ့ စသဖြင့် စိတ်အမျိုးမျိုး ဖြစ်ကြရခြင်း ဖြစ်ပါတယ်။ ပေးပေမယ့် စေတနာမပြတ်တာရယ်၊ ငါဆိုတဲ့ တဏှာလေးတွေက ကပ်နေတာတွေရယ်ကြောင့် ပေးခြင်းရဲ့ နောက်မှာ အပြစ်လေးတွေ ရောက်သွားတတ်တာလေးတွေ ရှိတတ်ကြခြင်း ဖြစ်ပါတယ်။

တကယ်တော့ မိဘ၊ ဆရာသမား၊ မိသားစု၊ ဆွေမျိုးစတာတွေဟာ ကိုယ်တတ်နိုင်ရင် ပေးချင်လို့ပဲဖြစ်ဖြစ် ဝတ္တရားအရပဲ ဖြစ်ဖြစ် ပေးတာတော့ ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို ပေးတဲ့အခါမှာတော့ ငါစွဲလေးတွေကိုဖြုတ်ပြီး ပြတ်သားတဲ့ စေတနာသက်သက်နဲ့ တဏှာမကပ်ဘဲ ပေးနိုင်အောင် ကြိုးစားမယ်ဆိုရင် ကုန်သွားတာချင်း အတူတူ ဒါနအားက အများကြီး တာသွားတာကို သတိပြုမိဖို့ လိုပါတယ်။ အပေးတတ်ရင် သားသမီးဝတ္တရားကို ဖြည့်နေရင်း၊ မိဘဝတ္တရားကို ဖြည့်ဆည်းပေးရင်းနဲ့ကိုပဲ ဒါနမြောက်နေတယ်ဆိုတာ မမေ့ကြဖို့ လိုပါတယ်။

ဟုတ်ပါတယ်။ အဖေတို့အမေတို့ကို ပေးတာ၊ မိသားစုကိုကျွေးတာ၊ ဆွေမျိုးတွေကို ထောက်ပံ့တာ စတာတွေဟာ အပေးတတ်ရင် ဒါနလုပ်နေကြတာပဲ ဖြစ်ပါတယ်။ ငါစွဲလေးတွေကပ်ထားတဲ့ တဏှာလေးတွေကို ခွါပြီး မျှော်လင့်ချက်ကင်းတဲ့ ပြတ်သားတဲ့ စေတနာလေးတွေနဲ့ တတ်နိုင်သလောက် ပေးနိုင်ကြမယ်ဆိုရင် သားသမီးဝတ္တရားကို ဖြည့်ရင်း၊ မိဘဝတ္တရားအရ စောင့်ရှောက်ပေးရင်းနဲ့ကိုပဲ အထွေအထူး အလှူပွဲကြီး မလုပ်ရဘဲ ဒါနမြောက်နေကြတာ ဖြစ်ပါတယ်။ ဆိုတော့ကား မိဘမိသားစု စတာတွေကို ထောက်ပံ့ပေးကမ်း နေတာတွေဟာ ကုသိုလ်မရဘူးလားဆိုတော့ ရပါတယ်။ ရပေမယ့် ငါလေးတွေ၊ မျှော်လင့်ချက်လေးတွေ၊ စေတနာ မပြတ်တာလေးတွေက ပါနေတတ်ကြတော့ ပေးပေမယ့် ဒါနရဲ့အားတွေ၊ ဒါနမြောက်မှုတွေ၊ ဒါနရဲ့ ထောက်ပံ့မှုသဘောလေးတွေ တစ်ခါတလေ ပျောက်နေတတ်တဲ့ အဖြစ်လေးတွေကို သတိပြုမိစေချင်တာ ဖြစ်ပါတယ်။

ဆိုလိုတာက ပေးတယ်ဆိုတာ ဘယ်သူ့ကိုပဲ ပေးပေး စေတနာပြတ်ပြီး တဏှာမကပ်ရင် ဒါနတွေ မြောက်နေတာ ဖြစ်တဲ့အတွက် ဝတ္တရားအရ ပေးရတာပဲ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ကြောင့် ပေးရတာပဲ ဖြစ်ဖြစ်၊ မလွန်ဆန်နိုင်လို့ ပေးရတာပဲ ဖြစ်ဖြစ်၊ ပိုလျှံနေလို့ ပေးရတာပဲ ဖြစ်ဖြစ်၊ ကျေးဇူးဆပ်တဲ့ အနေနဲ့ ပေးကြတာပဲ ဖြစ်ဖြစ် ဘယ်လိုပဲ ပေးပေး ပေးလို့ကုန်သွားတာချင်း အတူတူ “ငါမိုလို့ ပေးနိုင်တာ၊ ငါ့မိဘ၊ ငါ့မိသားစု၊ ငါ့ဆွေးမျိုးစတာတွေ ဖြစ်လို့ ငါပေးတာ၊ ငါပေးတဲ့အရာတွေကို ငါဖြစ်စေချင်သလို ဖြစ်ကိုဖြစ်ရမှာ” စတဲ့ ပေးကမ်းမှုနောက်မှာ ဖြစ်ပေါ်တတ်တဲ့ တဏှာလေးတွေ၊ စေတနာမပြတ်မှုလေးတွေ၊ မျှော်လင့်ချက်ထားတာလေးတွေကို ခွာပြီး ပြတ်သားတဲ့ သဒ္ဓါတရားနဲ့ စေတနာအပြည့်ထားကာ ဒါနမြောက်အောင် ပေးကြည့်ကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီလိုငါတွေကိုခွာပြီး တဏှာမပါဘူးဆိုရင် မိဘကိုပေးနေတာ၊ မိသားစုကို ကျွေးနေတာ၊ ဆွေးမျိုးတွေကို ထောက်ပံ့နေတာ စတာတွေဟာ နည်းတာများတာ ပဓာနမကျဘဲ ဒါနလေးတွေ မြောက်နေကြတယ်ဆိုတာ သိစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ပေးတာချင်းအတူတူ အပေးမတတ်ရင် တဏှာကပ်တတ်ပြီး အပေးတတ်ရင် ဒါနအမြတ်တွေ ဖြစ်တတ်တဲ့အတွက် ဘယ်လိုအကြောင်းကြောင့်ပဲ ပေးပေး၊ ဘယ်သူ့ကိုပဲ ပေးပေး ပေးတဲ့အခါမှာ ငါလေးတွေ၊ တဏှာလေးတွေကို ခွာပြီး အားကြီးတဲ့ သဒ္ဓါ၊ ပြတ်သားတဲ့ စေတနာ၊ မျှော်လင့်ချက်ကင်းတဲ့ ဘာဝနာတွေနဲ့ ပေးနိုင်အောင် ကြိုးစားရင်း ပေးလိုက်ရတဲ့အလျောက် ဒါနမြောက်အောင်သာ ပေးကြဖို့ အသိပေးတိုက်တွန်း လိုက်ရပါတယ်

သာသနာ

သာသနာ
ကံ ကံ၏အကျိုး ▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼ ကံဆိုတာ ကမ္မ ဆိုတဲ့ ပါဠိက ဆင်းသက်လာ...
กระดานข้อความ Facebook ของ ဗဟုသုတ ဟင်းပေါင်းအိုးကြီး / ဗဟုသုတ ဟင်းပေါင်းအိုးကြီး / 10 hours ago

ကံ ကံ၏အကျိုး
▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼
ကံဆိုတာ ကမ္မ ဆိုတဲ့ ပါဠိက ဆင်းသက်လာတဲ့ ပါဠိသက်ဝေါဟာရဖြစ်ပါတယ်။ အဲဒီ ကံရဲ့အဓိပ္ပာယ်ကို အားလုံးနားလည်အောင် ပြောရရင် ကံ ဆိုတာ "အလုပ်"ပါ။ အလုပ်ဆိုတာ ကံပါ။ အလုပ်မကောင်းက ကံမကောင်းပါ။ ကံမကောင်းက အကျိုးပေး မကောင်းပါ။ အလုပ်ကောင်းမှ ကံကောင်းပါတယ်။ ကံကောင်းမှ အကျိုးပေး ကောင်းပါတယ်။

အေး - ကိုယ် ကံကောင်းလား မကောင်းလားဆိုတာ ဗေဒင်ဆရာတွေ နတ်ကတော်တွေ မသိနိုင်ပါဘူး။ ဘယ်သူ သိနိုင်သလဲ။ မိမိကိုယ်တိုင် သိနိုင်ပါတယ်။

ကာယကံ အပြုမကောင်းရင် ဝစီကံ အပြောမကောင်းရင် မနောကံ အကြံမကောင်းရင် ကံမကောင်းပါ။ ကံမကောင်းရင် အကျိုးပေး မကောင်းပါ။ ကာယကံ အပြုကောင်းရင် ဝိပဿနာ ကုသိုလ်ကံရယ်လို့ အမျိုးမျိုးရှိလာပြန်ပါတယ်။ အဲဒီလောက်မှ မသိရင် အဲဒီ ကံတွေရဲ့အကျိုးလည်း မသိနိုင်ပါ။ မသိရင် ကံနှင့်ပတ်သက်လို့ အမှောင်ကျနေပါတယ်။ အမှောင်ထဲမှာ နေရသူပါ။

အကုသိုလ်ကံဆိုတာ မကောင်းတဲ့ကံပါ။ သူ့အသက်သတ်တာဟာ မကောင်းပါ။ သေရင် ငရဲမှာ ကျမှာပါ။ ငရဲမှ လွတ်တဲ့အခါ သူ့ကိုသတ်တဲ့အတိုင်း ကိုယ်ဘဝပေါင်းများစွာ ပြန်ပြီး အသတ်ခံရပါတယ်။ အဲဒီသဘောကို မသိရင် အမှောင်ကျနေပါတယ်။

အေး - ဒုက္ခရောက်တယ်ဆိုတာ အကုသိုလ်ကံက အကျိုးပေးတာပါ။ သူများတွေက လာပြီး ဒုက္ခပေးတာ မဟုတ်ပါ။ အဲဒီလို မသိရင် အမှောင်ထဲမှာ နေရပါတယ်။မိမိတို့ ရှာဖွေလို့ ရရှိတယ်။ စီးပွားဖြစ်တယ်ဆိုတာ အတိတ်က ပြုခဲ့တဲ့ ဒါနကုသိုလ်ကံနှင့် ပစ္စုပ္ပန် ဥာဏ် ဝီရိယတို့ကြောင့်ပါ။ အဲဒီသဘောကို မသိရင် ဘိုးတော်တွေ မယ်တော်တွေ နတ်တွေက မ,လို့ အထင်မှား အယူမှားပြီး အကိုးကွယ်ပါ ထပ်မှားပြန်ပါတယ်။

အေး - မိမိတို့က အသက်ရှည် အနာကင်း အဆင်းလှတယ်ဆိုတာ သီလကုသိုလ်ရဲ့ အကျိုးကျေးဇူးတွေပါ။ နောက်နောင် သီလကုသိုလ်မပါခဲ့ရင် ယခုဘဝ အရုပ်ဆိုးနေမှ မှန်ကြည့်လို့လည်း မလှတော့ပါ။

အေး - စိတ်တည်ကြည်တာ သမထကုသိုလ်ကံရဲ့ အကျိုးပါ။ ဥာဏ်ထက်မြက်တာက ဝိပဿနာကုသိုလ်ကံရဲ့ အကျိုးပါ။ ပင်ကိုယ်က ဥာဏ်ထိုင်းတဲ့လူ ဝိပဿနာအားထုတ်ရင် ဥာဏ်ကောင်းလာပါတယ်။ ကောင်းပြီးသားလူက အားထုတ်ရင် အလွန်ဥာဏ်ကောင်းလာပါတယ်။

ယခုပြောတဲ့ ကံတွေကို ခွဲဝေမသိနိုင်ရင် အမှောင်ထဲမှာ နေရပါတယ်။ အကုသိုလ်ကံတွေကြောင့် ဆင်းရဲဒုက္ခရောက်တယ်။ လှူဒါန်းပေးကမ်းလို့ ချမ်းသာကြွယ်ဝတယ်။ လှူလို့ ရတယ်။ ရလို့ လှူတယ်။ ဘယ်သူ မ,လို့မှ မဟုတ်ပါဘူး။ ဒါနကုသိုလ်ကံက မ,လို့ဆိုတာသိရင် အလင်းထဲမှာပါ။ ကောင်းကျိုးရတာ ကောင်းကံ မ,လို့ပါ။ အကြောင်းကုသိုလ်ကံတွေကိုလည်း သိလို့ အကြောင်း ကုသိုလ်ကံက ကောင်းကျိုးပေးမယ်ဆိုတာလည်း သိမယ်ဆိုရင် ကုသိုလ်ကံတွေ ကြိုးစားလုပ်မှာပါ။

ကံတစ်ခုကို လုပ်မိရင် အကျိုးသုံးပိုင်း ပိုင်းပေးပါတယ်။ ဆိုပါတော့ အကုသိုလ်ကံတစ်ခု လုပ်မိရင် အဲဒီ အကုသိုလ်ကံက မျက်မှောက်မှာလည်း ဒုက္ခပေးတတ်ပါတယ်။ မပေးရင် နောက်ဘဝမှာ ဒုက္ခပေးတတ်တယ်။ မပေးရင် တတိယဘဝက နိဗ္ဗာန်ရောက်သည့်တိုင်အောင် အခါအခွင့် သင့်တဲ့ဘဝမှာ အကျိုးဒုက္ခပေးပါတယ်။

ကုသိုလ်ကံကလည်း မျက်မှောက်သုခ နောက်ဘဝသုခ တတိယဘဝကနေ လျှောက်ပြီး နိဗ္ဗာန်ရောက်သည့်တိုင်အောင် လျော်တဲ့ဘဝမှာ သုခပေးပါတယ်။ အကုသိုလ်ကံကိုနိုင်တာက ကုသိုလ်ကံပါ။ အကုသိုလ်ကံကိုကုန်အောင် ကုသိုလ်ကံကို ကြိုးစားရမှာပါ။ အကုသိုလ်တွေ ပျောက်တယ်ဆိုတာ ဝိပဿနာကုသိုလ်ပွားများလို့ မဂ်ကုသိုလ်ရမှ ပျောက်ပါတယ်။

ကုသိုလ်ကံ အကုသိုလ်ကံရဲ့ အကျိုးတွေ သိရုံလောက်နဲ့ တစ်နံပါတ် အမှောင်ပျောက်လို့ အလင်းရောက်သော်လည်း ဝိပဿနာအားထုတ်ပါမှ နောက်အမှောင်တွေပါ ပျောက်ပြီး အလင်းရောက်ပါတယ်။

(ဓမ္မဒူတ အရှင်ပညာဇောတဆရာတော်ကြီး

ဗုဒ္ဓဘာသာ ၅ မျိုး

ဗုဒ္ဓဘာသာ ၅ မျိုး
ဗုဒ္ဓဘာသာ (၅)မျိုး ▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼ ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တ...
กระดานข้อความ Facebook ของ ဗဟုသုတ ဟင်းပေါင်းအိုးကြီး / ဗဟုသုတ ဟင်းပေါင်းအိုးကြီး / 9 hours ago

ဗုဒ္ဓဘာသာ (၅)မျိုး
▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼▼
ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလိုအခြေအနေတွေကိုသိလို မြတ်စွာဘုရားက “နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု ဟောတော်မူခဲ့ပါတယ်။ အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့
(၁) ကုလ ဗုဒ္ဓဘာသာ
(၂) လာဘ ဗုဒ္ဓဘာသာ
(၃) ဘယ ဗုဒ္ဓဘာသာ
(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅) ပညာဓိက ဗုဒ္ဓဘာသာ(၁)ကုလ ဗုဒ္ဓဘာသာ

(1)ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာ ရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။ မိဘကဗုဒ္ဓဘာသာမို့သာ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ပွင့်မှန်းမသိ။ ဘုရားဘာတရား ဟောမှန်း လည်းမသိ။ ကိုးကွယ် နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်း လည်းမသိ။ တရားတော်ကို ဘာကြောင့်ကိုးကွယ်ရမှန်းမသိ။ ဘုရားကိုဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့လုပ် နေတာပဲ အသိပညာ ဘာမှမပါတာ။ကုလ ဗုဒ္ဓဘာသာပါ။

(၂)လာဘ ဗုဒ္ဓဘာသာ လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ။ ဒီဘဝ စီးပွားရေးလေးတက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာမှာရွေးပြီးကိုးကွယ်တယ်။ ဒီဘုရား ကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရား ကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာပါ။ဘုရားကိုးကွယ်မှ လာဘ်ပေါများ မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။အဓိက စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ ကံ၊ညဏ်၊ဝိရိယ သတ္တိကြောင့်ပါ။ အိမ်ခြံ ဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ။ ဘုရား ကျောင်းဆောင် ပေါ်မှာ ဘိုတော် ဘွားတော်ပုံတွေ တင်ထားတာတွေ။ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့ နတ်တွေ ကိုးကွယ်တာတွေ။ ဗေဒင် ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။

(၃)ဘယ ဗုဒ္ဓဘာသာ
ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့ ကိုးကွယ်တာကိုခေါ်ပါတယ်။အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊အသက်ရှည်ဖို့၊ ကျန်းမာဖို့၊ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဒီဘုရား ကိုးကွယ်မှ အသက်ရှည် မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန် အစလာမ်တွေ အသက်ရာကျော်
ရှည်နေကြတာ ဘာလို့ပါလဲ။ ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒဘာသာ၊ လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘဗုဒ္ဓဘာသာ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ ဒီ ကုလ၊လာဘ၊ဘယ ဗုဒ္ဓဘာသာ
(၃)မျိုးကို အောက်တန်းစားဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဟိုလူမပါ။ ဒီလူမပါ။
ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန် လုပ်နေတာတွေကို ဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။ ခန္ဓာမှာ အသိ၊ဘာသာရေအသိဓာတ်ခံ နည်းတော့ လိမ်စားနေတဲ့သူတွေက လိမ်လို့ကောင်းနေပါတယ်။ဘုရားလည်းကိုးကွယ်ရသေး၊တရားလည်းကိုးကွယ်ရသေး၊ဆွမ်းဦးကိုလည်း လောင်းလှူရသေး၊ သာသနာတော်ကိုလည်း ပစ္စည်းလေးပါး နဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ဘာအတွက် ဒါတွေ လုပ်နေရတာလည်း ဘာအတွက် သာသနာကိုချီးမြှောက်နေတာလည်း
ဘာအတွက် ကျောင်းဆောက်နေတာလည်း။စဉ်းစားပါ။ဝေဖန်ပါ။သုံသပ်ပါ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။သဒ္ဒါတရားဆိုတာ
ယုံကြည်ချက်ပါ။ဘုရား၊တရား၊သံဃာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဒါဆိုပြီး (၂)မျိုးရှိပါတယ်။

> သမ္မာသဒ္ဒါ မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက် နက်ကိုဟောကြားတော် မူခဲ့ပါတယ်။ ဒီတရားတော် အနက် တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အို ၊သေ၊ နာ လွတ်ရာပါ။အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့ ယုံကြည်ချက်ဟာ မှန်ကန်သောယုံကြည်ချက် တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။ မြတ်စွာဘုရားဟောတော်မူခဲ့သော တရားတော်ကို ကြိုစားအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့ ဆောင်တာပါ။ ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး။ ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့ ကျေဇူးပါ။ဘုရားရှင်ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း အဘိဓမ္မာတရားတွေ သံဃာတော်တွေက ဆောင်ထားတာပါ။

ပိဋကသုံးပုံကို သံဃာတော်တွေက***ရှောက်ထားတာပါ။ သံဃာတော်ကို ယုံကြည်မှု။ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါယုံကြည်မှု။

> မိစ္ဆာသဒ္ဒါယုံကြည်မှုကလာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည်နေတာ မိစ္ဆာသဒ္ဒါ။ လာဘ်လာဘ ပေါတယ်ဆိုတဲ့ လာဘ ဗုဒ္ဓဘာသာယုံကြည်ချက်၊အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊ ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု ဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။
အသေလွတ်ရာလမ်းကို ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ တရားကိုဆောင်ထားနိုင်လို့ ရတနာ သုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဒါ။ အနှစ်သာရမရှိတာကို မရှိဘူးလို့ သိပါတယ်။ အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါ တယ်။ မှားတာကို မှားတယ်လို့ သိတယ်။ မှန်တာကို မှန်တယ်လို့သိတယ်။ သိတဲ့ အပြင်၊ အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဒါ ရှိတဲ့ သဒ္ဒါဓိက ဗုဒ္ဓဘာသာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ
သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည်။ပညာဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲ ခန္တာအသိနဲ့ အသေအချာသိပြီး ယုံတယ်။ထိုသို သိတာကို ပညာ ဟုခေါ်ပါသည်။သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္တာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ။ပညာဓိကဗုဒ္ဓဘာသာပါ။ ဘုရားက မင်းတို့ခန္တာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ်။ဒါကို
ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့် လိုက်တော့ မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ယုံကြည်တော့ သဒ္ဒါ၊ဖြစ်ပျက်မြင်တာက ပညာ။

ထိုကြောင့် သဒ္ဒါနဲ့ပညာ သွားပြီး တွဲနေပါတယ်။သဒ္ဒါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဒါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ လွတ်မြောက်နိုင်၏။ တို့မှာ အပါယ်မျိုးစေ့တွေ၊အပါယ်ကျ ကြောင်းကံတွေ လုပ်ထာတာရှိတယ်။ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး။
သူကိုတားချင်ရင်၊ သူကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့
ဖြတ်ရမယ်။ဥာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဒါလည်းပါတယ်၊ ပညာလည်းပါတယ်။ ဒါသည် သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။ သဒ္ဓါနှင့် ပညာ balance (ဟန်ချက်ညီ)ဘို့လဲ လိုပါတယ်၊ သဒ္ဓါလွန်ကဲ ပညာနဲပြန်ရင် (နှစ်လုံးလှ လူမိုက်ကြီး) သူတော်ကောင်းလူအကြီးဖြစ်သွားပါတယ်၊ ဆင်ခြင်တုံတရားနဲပါးသူတွေက (superstitious rites, scarified, prayer,) အကျိုးမရှိတဲ့နေရာနေမှာ ကိုယ့်အချိန်တွေ ကို အသုံးချနေကြပါတယ်။ သဒ္ဓါနဲပြီး ပညာကဲနေပြန်ရင်လဲ ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက ဘယ်အရာမဆို အစွန်းမရောက်စေဘို့ပါဘဲ

ဗိုက်ထဲအစာရှိလဲနာမရှိလဲနာ

ဗိုက်ထဲအစာရှိလဲနာမရှိလဲနာ
ဗိုက်ထဲမှာ အစာရှိရှိ၊ မရှိရှိ နာ
ပုံမှန် အစာ စားချိန်မှာ အစာ မစား မိလိုက်ဘဲ အဆာ လွန်သွား တဲ့ အတွက် ဗိုက်အောင့် ဝေဒနာ ခံစား ရတာကို လေနာ ထတယ်၊ ဒါမှ မဟုတ် အစာအိမ် ရောဂါထတယ်လို့ပြောဆိုကြလေ့ရှိပါ တယ်။ အစာအိမ်ဆိုတာက ၀မ်းဗိုက် ထဲမှာ ထောင်လိုက်တည် ရှိနေတဲ့ ရှည် မျောမျော ကြွက်သားအိတ်ကြီးကို ခေါ် ဆိုတာ ဖြစ်ပါတယ်။
အထက်ပိုင်းနဲ့ အောက် ပိုင်းမှာ ရှုံ့ထားတဲ့ ပိုက်ဆံ အိတ်တစ်ခုနဲ့ အလားသဏ္ဌာန်တူပါ တယ်။ အရှည် ၁ ပေ နီးပါးရှိပြီး ၆ လက်မ ကျယ်ဝန်း ပါတယ်။ သာမန် အားဖြင့် ၀ါးပြီးသား အစားအစာ ၂ ပေါင်ကျော်ကို သိုလှောင်သိမ်းဆည်း ပေးထားနိုင် ပါတယ်။ အစာအိမ်ဟာ ပြန့်ကားဆွဲဆန့်နိုင်စွမ်းရှိတဲ့အတွက် ရေတစ်ဂါလန်အထိ ၀င်ဆံ့နိုင်ပါသေးတယ်။


ထူထဲပိုးတောင့်တဲ

သဘာဝက အစာအိမ်နံရံကို ပိုးတောင့် တဲတစ်ခုလို ထူထူထဲထဲ တည်ဆောက်ပေးထားတဲ့အတွက် အလွှာလေးလွှာ ပါရှိပြီး ကြံ့ကြံ့ခိုင်နေ ပါတယ်။ အစာချေဖျက်နိုင်ဖို့ အတွင်း ဆုံးအလွှာကနေ ဟိုက်ဒြိုကလိုရစ် အက်စစ်ဓာတ်နဲ့ အစာခြေအင်ဇိုင်းတွေ ကို ထုတ်လွှတ်ပေးရပါတယ်။ သာမန် အားဖြင့် အစာအိမ်အတွင်းနံရံကို အက် စစ်ဓာတ်တွေ မစားသွားနိုင်အောင် အစာအိမ်အချွဲတွေကဖုံးလွှမ်းကာကွယ် ပေးထားကြပါတယ်။
အကြောင်းတစ်ခု ခုကြောင့် အက်စစ်ဓာတ်အထွက်များ တဲ့အခါနဲ့ အစာအိမ်နံရံမှာ အက်စစ် ခံနိုင်ရည်စွမ်းအား လျော့နည်းသွား တဲ့အခါမျိုးမှာ အစာအိမ်အတွင်းလွှာကို အက်စစ်စားပြီး မီးခြစ်ဆံခေါင်းအရွယ် ကနေ လက်သည်း ခွံ အရွယ် ပမာဏ ရှိတဲ့ ချိုင့်ခွက်အနာလေးတွေ ပေါ် ပေါက်လာနိုင်ပါတယ်။ ဒီအနာတွေက ထူထဲတဲ့ အစာအိမ်နံရံ ပိုးတောင့်တဲ လေးလွှာစလုံးကို ထိုးဖောက်နှိုက်စား သွားရင်တော့ အစာအိမ်ပေါက်တယ် လို့ ခေါ်ဆိုကြပါတယ်။

အစာအိမ်နာလား အူသိမ်နာလား

အစာအိမ်နဲ့ အူသိမ်ဦးပိုင်းရဲ့ အတွင်းနံရံတွေမှာ ပေါ်ပေါက်လာတဲ့ ချိုင့်ခွက်အနာတွေကိုရောပြွမ်းပြီး အစာအိမ်နာလို့ အလွယ်တကူ ခေါ် ဆိုနေကြတာ ဖြစ်ပါတယ်။ လူနာတွေ က ဂက်စတြစ် (Gastric) ရောဂါလို့ ခေါ်ဆိုနေကြပေမယ့် ဂက်စတြစ်ဆိုတဲ့ ဝေါဟာရဟာ အစာအိမ်ကိုသာ ရည် ညွှန်းပြီး အူသိမ်ဦးပိုင်း မပါဝင်ပါဘူး။ ဆရာဝန်တွေကတော့ နေရာခွဲခြားပြီး အစာအိမ်နာကို gastric ulcerအတိုကောက် GU နဲ့ အူသိမ်ဦးပိုင်း အနာကို duodenal ulcer- အတို ကောက် DU ဆိုပြီး
သတ်သတ်မှတ် မှတ် ခေါ်ဆိုကြပါတယ်။

သောကကြောင့်လား ပိုးကြောင့်လား

အစာအိမ်ရောဂါကို စိတ်သောက ဖိစီးတာနဲ့ အပူအစပ်စားသုံးတာတွေ ကြောင့် ဖြစ်ရတယ်လို့ အရင်တုန်းက ယူဆခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ အစာအိမ်ထဲကို ၀င်ရောက်လာတဲ့ H pylori လို့ခေါ်တဲ့ ဗက်တီးရီးယား ပိုးမွှားတွေကြောင့်လို့ သိရှိလာကြပါ တယ်။ ဒီမိုးမွှားတွေဟာ အစာအိမ် ထဲက အချွဲလွှာကို ဖျက်ဆီးပစ်ကြပါ တယ်။ အကာအကွယ်မဲ့ သွားတဲ့ အတွင်းလွှာကို နဂိုထွက်ရှိနေတဲ့ အက် စစ်ကစားပြီးချိုင့်ခွက် အနာတွေပေါ်ပေါက် လာရတာဖြစ်ပါတယ်။
ဗက်တီးရီးယားပိုးမွှား တွေ အစာအိမ်ထဲ ကိုဘယ်ပုံဘယ်နည်း နဲ့ဝင်ရောက်လာသလဲ ဆိုတာကို တိတိကျ ကျ မသိရှိကြသေး ပေမယ့်ဝေဒနာသည် ရဲ့ တံတွေးနဲ့ မစင် ထဲမှာလည်း ပိုးမွှား တွေကို တွေ့ရှိနေရတာကြောင့် အစား အစာနဲ့ ရေကနေတစ်ဆင့် ကူးစက် ပျံ့ပွားလာရတယ်လို့ မှတ်ယူထားကြ ပါတယ်။ လူ့ခန္ဓာကိုယ်ထဲကို ငယ်စဉ် ကတည်းက ဗက်တီးရီးယားပိုးမွှားတွေ ၀င်ရောက်နေပြီး အသက်ကြီးလာမှ အစာအိမ်ရောဂါ ဖြစ်လာရသူတွေ လည်း ရှိနိုင်ပါတယ်။

ဗိုက်ထဲမှာ အစာရှိရှိ မရှိရှိနာ

အစာအိမ်နာ ဝေဒနာသည် တစ် ယောက်ဟာ ရင်ညွန့်နဲ့ ၀မ်းဗိုက်ထဲက နေပူလောင်နာကျင်တဲ့ ဝေဒနာကို ခံစားကြရတတ်ပါတယ်။ ရင်ပူတယ် လို့ ပြောကြပါတယ်။ အစာအိမ်ထဲက အနာက အစာစားလိုက်ရင်ပိုမိုနာ ကျင်လာတတ်ပြီး၊ အူသိမ်ဦးပိုင်းထဲက အနာတွေကတော့ အစာစားလိုက်ရင် သက်သာသွားတတ်ပါတယ်။ အစာ စားပြီး ၂ နာရီ၊ ၃ နာရီအကြာမှ ပြန်လည်နာကျင်လာတတ်ကြပါတယ်။ ဝေဒနာထပ်တလဲလဲ ခံစားနေရတဲ့သူ တွေမှာ ဗိုက်အောင့်လွန်းလို့ ၀မ်းဗိုက် ကို ရေနွေးအိတ်နဲ့ကပ်၊ ရေနွေးပုလင်း နဲ့ ကပ်နဲ့ ဗိုက်တစ်ခုလုံး နီရဲပြီး မီးလောင်ဖုတွေ ထွက်လာတာ ကိုတောင် တွေ့မြင်ရဖူးပါတယ်။

အက်စစ်ဓာတ်ကို ချေဖျက်နိုင်ဖို့

ဗိုက်နာလာရင် ဂျဲလ်မက်ဆေး ပြား ၀ါးစားပြီး သက်သာသွားသူတွေ ရှိပါတယ်။ တချို့လူနာတွေက ဆော် ဒါမှုန့်ကို မျိုချတတ်ကြပါတယ်။ အစာ အိမ်ဆေးလို့ ခေါ်ဆိုနေကြတဲ့ ဆော် ဒါမင့်၊ အလူပင်း၊ ဒိုင်ဂျင်းနဲ့ M.O.M ဆေးပြားတွေနဲ့လည်း သက်သာတတ် ကြပါတယ်။ နွားနို့သောက်ပြီး သက် သာသွားသူတွေရှိသလို နွယ်ချို၊ လျက် ဆား၊ လေနိုင်ဆေးနဲ့ လျှာပွတ်ဆေး တွေလျက်ပြီး သက်သာသွားရသူတွေ လည်းရှိပါသေးတယ်။ နောက်ပိုင်းမှာ ပေါ်လာတဲ့ စီမက်တက်ဒင်း၊ ရာနီ တက်ဒင်း၊ အိုးမက်ဇ် စတဲ့ဆေးဝါးတွေ ကို ယနေ့ခေတ် လူနာတွေ သောက် ရပါ များလွန်းလို့ ဆေးနာမည်တွေကို တောင် အလွတ်ရနေကြပါတယ်။ ဒီ ဆေးဝါးတွေ အကုန်လုံးဟာ အက်စစ် ဓါတ်ကို ပျက်ပြယ်စေပြီး အက်စစ် အထွက်နည်းအောင်လည်း တားဆီး ပေးနိုင်ပါတယ်။ ဗက်တီးရီးယားပိုးမွှား ကို ချေမှုန်းသုတ်သင်တာ မဟုတ်တဲ့ အတွက် အစာအိမ်ရောဂါမကြာခဏ ပြန်ထလာနိုင်ပါတယ်။
အစာအိမ်နာ အမြစ်ပြတ်ရအောင်
အစာအိမ် ရော ဂါ အမြစ်ပြတ် ပျောက်ကင်း အောင် ဗက် တီးရီးယား ပိုးသတ် ဆေးတွေ ကိုပါ ပူးတွဲ တိုက်ကျွေး ဖို့ လို အပ်ပါ တယ်။အစာအိမ် ထဲမှာ ပိုးမွှား တွေရှိ၊ မရှိအစာ အိမ်ထဲကို မှန် ပြောင်းထည့် စစ်ဆေးလို့ရပါတယ်။ အစာအိမ်အချွဲနဲ့ အသားစ ကိုထုတ်ယူပြီး ပိုးမွှားကို ရှာဖွေကြည့် ကြရပါတယ်။ မှန်ပြောင်းမသွင်းဘဲနဲ့ ဆေးတောင့်မျို ချခိုင်းပြီး အာငွေ့ကို တိုင်းထွာကြည့် ရင်လည်း ပိုးရှိ၊ မရှိ သိရှိနိုင်ပါတယ်။ ပိုးတွေ့ပြီဆိုရင်တော့ ပဋိဇီဝပိုးသတ်ဆေးတွေကို ၂ ပတ်က နေ ၄ ပတ်ကြာအောင် တိုက်ကျွေးကြ ရပါ့မယ်။ အက်စစ် အထွက်လျော့ဆေး တွေကိုလည်း ၆ ပတ်ကြာအောင် သောက် သုံးဖို့လိုအပ်ပါတယ်။

အစာအိမ်နာရဲ့ ဆိုးကျိုးအထွေထွေ

သွေးယိုထွက်နေတဲ့ အစာအိမ် အနာကြောင့် ကော်ဖီရောင်တွေ အန် လာနိုင်ပြီး၊ ၀မ်းမည်းမည်းသွားတာ တွေလည်း ရှိနိုင်ပါတယ်။ နီရဲနေတဲ့ သွေးဟာ အက်စစ်နဲ့ထိတွေ့လိုက်ရင် ကော်ဖီရောင်ကို ပြောင်းသွားပြီး မစင် နဲ့တွေ့တဲ့အခါမှာ ကတ္တရာစေးလို မည်းနက်ပြီး စေးပျစ်သွားတတ်ပါ တယ်။ အနာက အစာအိမ်နံရံတစ်ခု လုံးကို စားသွားရင်တော့ အစာအိမ် ပေါက်ပြီး အစာတွေ ၀မ်းခေါင်းထဲကို ထွက်ကျလာနိုင်ပါတယ်။ ဒီအခါမှာ ၀မ်းဗိုက်တစ်ပြင်လုံး မချိမဆံ့ နာကျင် လာပြီး ပျဉ်ပြားကြီးလိုတင်းရင်းနေ တတ်ပါတယ်။ ဆေးရုံတင်ပြီး အရေး ပေါ်ခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။ အူသိမ်ထဲက အနာတွေက အမာရွတ် ထင်ကျန်ရစ်ပြီး အူကျဉ်းသွားရသူတွေ လည်းရှိတတ်ပါတယ်။ အူကျဉ်းလူနာ ဟာ အစာစားပြီးတိုင်း အန်တတ်ပါ တယ်။ ဆေးရုံတင် ခွဲစိတ်ကုသပေးရပါ တယ်။ အစာအိမ်ရောဂါကနေ အစာအိမ် ကင်ဆာအဖြစ် ပြောင်းလဲသွားရသူ တွေကိုလည်း ရှားရှားပါးပါး တွေ့ရှိရ နိုင်ပါသေးတယ်။

ရှောင်ကြဉ်ရမယ့် အစားအစာတွေ

အစာအိမ်ရောဂါ ဖြစ်လာပြီဆို ရင် ကော်ဖီ၊ လက်ဖက်ရည်၊ သံပရာ ရည်၊ ငရုတ်သီး၊ ချင်း၊ စပါကလင်နဲ့ ဘိလပ်ရည်တွေဟာ အနာကို ပိုမိုဆိုးရွားသွားစေနိုင်တဲ့အတွက် ရှောင်ရှားဖို့လို အပ်ပါတယ်။ ဆေးလိပ်နဲ့ အရက်ကို လုံးဝရှောင်ကြဉ်ကြရပါ့မယ်။ အက်စပရင် ဆေးနဲ့ အက်စစ်ပါတဲ့ အကိုက်အခဲပျောက်ဆေးဝါးတွေကို မသောက်သုံးသင့် တော့ပါဘူး။ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်ရောဂါတစ်ခုခုနဲ့ ယှဉ်တွဲဖြစ်ပေါ်နေရင် ဆော်ဒါမျိုတာကိုလည်း ရှောင်ရှားဖို့လိုအပ်ပါတယ်။ ပျော့ပျောင်းတဲ့အစာကို နည်းနည်းချင်း ခဏခဏ တစ်နေ့ကို ၆ ခါလောက် စားပေးဖို့လိုပါတယ်။
အစာအိမ်နာ ထဖူးရင်
အစာအိမ်ရောဂါကို မိသားစု ဆရာဝန်တစ်ယောက်ယောက်နဲ့ တိုင်ပင်ပြီး H.Pylori ဗက်တီးရီးယားပိုး ရှိ၊ မရှိ တိုင်ပင်စစ်ဆေးဖို့လိုအပ်ပါတယ်။ အစာအိမ် မှန်ပြောင်းကြည့်ဖို့နဲ့ ဆေးမျိုပြီး ဓာတ်မှန်ရိုက်ဖို့လိုအပ်ရင် ကျွမ်းကျင်တဲ့ ဆရာတွေ ဆီကို လွှဲပြောင်းပေးပါလိမ့်မယ်။ ရောဂါအမြစ်ပြတ်စေဖို့ ပဋိဇီဝပိုးသတ်ဆေးတွေကို ဆေးပတ်လည်အောင် သောက်သုံးဖို့လိုအပ်ပါကြောင်း အစာအိမ်ရောဂါ သိမှတ် စရာအဖြစ် တင်ဆက်ပေးလိုက်ရပါတယ်

အစာအိမ်ရောဂါ

အစာအိမ်ရောဂါ
လုံးဝမပေါ့ဆသင့်သော အစာအိမ်ရောဂါ
ကျွန်ုပ်တို့၏ ခန္ဓာကိုယ်အတွက် အစာအိမ်သည် အရေးပါသော အင်္ဂါအစိတ်အပိုင်း တခုဖြစ်သည်။ ပါးစပ်မှတဆင့် စားလိုက်သောအစာများကို ခေတ္တသိုလှောင်ပေးပြီး ပရိုတိန်းများကို တပိုင်းတစ ချေဖျက်ပေးပါသည်။ ကုဗိုဟိုက်ဒရိတ်နှင့် အဆီများကိုမူ အူနှင့်ပန်ကရိယ(pancreas)တို့က အဓိကချေဖျက်ပေးပါသည်။ အစာအိမ်မှထွက်ရှိသော အစာချေရည်တွင် အက်စစ်နှင့် ပက်(ပ)ဆင် အင်ဇိုင်းတို့ ပါဝင်ပါသည်။

အစာအိမ်အတွင်း အစာအိမ်နံရံ၏ ခုခံအား လျော့နည်းကျဆင်းနေသောအခါ အက်စစ်ဓာတ်များကြောင့် အစာအိမ်တွင် အနာဖြစ်တတ်ပါသည်။ အစာအိမ်မှ အက်စစ်အများအပြား အူသိမ်ထဲသို့ ရောက်ရှိသွားပါက အူသိမ်တွင် အနာဖြစ်တတ်ပါသည်။

ယခင်က အစာအိမ်ရောဂါ ဖြစ်ရခြင်းမှာ အက်စစ်ဓာတ် လွန်ကဲမှုကြောင့် (သို့မဟုတ်) အစာအိမ်နံရံ မျက်နှာပြင် အလွှာ၏ ခုခံအားညံပဖျင်းမှုကြောင့်ဟု ယူဆခဲ့ကြပါသည်။ ယနေ့အချိန်တွင်မူ အစာအိမ်နာနှင့် အူသိမ်နာတို့မှာ Helicobacter pylori ပိုးနှင့် ဆက်နွယ်လျက်ရှိကြောင်း တွေ့ရှိလာရပါသည်။

အူသိမ်အနာ၏ ရောဂါလက္ခဏာမှာ ညဘက်အချိန်နှင့် အစာမရှိချိန်များတွင် ဝမ်းဗိုက်နာကျင်ခြင်း၊ အစာစားလိုက်လျှင် နာကျင်မှု သက်သာသွားခြင်းတို့ဖြစ်သည်။ အစာအိမ်အနာ၏ ရောဂါလက္ခဏာမှာ ဝမ်းဗိုက်နာကျင်ခြင်း၊ အစာစားလျှင် မသက်သာဘဲ နာကျင်မှု ပိုဆိုးခြင်း၊ ပျို့အန်လိုက်မှ နာကျင်မှု သက်သာသွားခြင်းတို့ ဖြစ်သည်။ အူသိမ်အနာနှင့် အစာအိမ်အနာ နှစ်မျိုးစလုံးတွင် အက်စစ်ဓာတ်ချေဖျက်ပေးသော ဆေးများသောက်သုံးပါက နာကျင်မှုကို သက်သာစေလေသည်။ အစာအိမ်အနာနှင့် အူသိမ်နာတို့၏ အခြားသောလက္ခဏာများမှာ ရင်ပူခြင်း၊ ပါးစပ်အတွင်းသို့ အစာပြွန် အောက်ပိုင်းမှ တံတွေး(Saliva) နှင့် အက်စစ် (Acid) တို့ ပြန်ပျို့တက်ခြင်းတို့ဖြစ်သည်။ အူသိမ်အနာရှိသူများတွင် နာကျင်မှုသက်သာစေရန် အစာ ပိုမိုစားသဖြင့် ခန္ဓာကိုယ်အလေးချိန် တက်နိုင်ပါ သည်။ အစာအိမ်အနာရှိသူတွင်မူ အစားအသောက်ပျက်ခြင်းကြောင့် ကိုယ်အလေးချိန် လျော့ကျခြင်း ဖြစ်နိုင်ပါသည်။

အစာအိမ်ရောဂါ၏ ထူးခြားချက်မှာ ဝေဒနာလက္ခဏာများသည် အလိုအလျောက် ပျောက်ကွယ်သွားတတ် သကဲ့သို့ အလိုအလျောက် ပြန်ပေါ်လာတတ်ခြင်းပင် ဖြစ်သည်။ လူတယောက်၌ အစာအိမ်ရောဂါ ရှိ-မရှိကို (Barium Meal)ဓာတ်မှန်ရိုက်ကြည့်ခြင်း၊ အစာအိမ်အား မှန်ပြောင်းဖြင့် ကြည့်ခြင်းတို့ဖြင့် လွယ်ကူစွာ သိရှိနိုင်ပါသည်။


အစာအိမ်ရောဂါ ရှိသူများအား ဆရာဝန်များအနေဖြင့် အောက်ပါ ဆေးဝါးများအနက် သင့်လျှော်ကောင်းမွန်မည့် ဆေးဝါးများကို ညွှန်ကြားလေ့ရှိပါသည်။
(၁) အစာအိမ်အတွင်းရှိ အက်စစ်ဓာတ်ကို ချေဖျက်ပေးသည့်ဆေးများ။
(၂) အစာအိမ်မှ အက်စစ်ထွက်မှု လျော့နည်းစေသည့်ဆေးများ။
(၃) အစာအိမ်အတွင်း လေပွလေထခြင်းနှင့် အစာမကြေခြင်းတို့ကို သက်သာစေသည့် ဆေးများ။
(၄) အစာအိမ်နှင့် အူသိမ်ကြွက်သားများ အလွန်အမင်း လှုပ်ရှားမှုကို လျော့ပါးစေသော ဆေးများ။
(၅) အစာအိမ်နံရံ၏ ခုခံစွမ်းအား ပြန်လည်ကောင်းမွန်စေသော ဆေးများ စသည်တို့ ဖြစ်သည်။


အစာအိမ်ရောဂါရှိသူတဦး အနေဖြင့် ဆေးလိပ် လုံးဝ မသောက်သင့်ပေ။ ဆေးဝါးများ မှန်မှန်မှီဝဲနေသော်လည်း ဆေးလိပ်သောက်နေပါက အကျိုးမရှိပေ။ အဘယ့်ကြောင့်ဆိုသော် ဆေးလိပ်သောက်သုံးခြင်းသည် အစာအိမ်နာ ပျောက်ကင်းစေခြင်းကို အဟန့်အတား ဖြစ်စေခြင်းကြောင့် ဖြစ်သည်။


အစာအိမ်ရောဂါကို ကုသနေစဉ်အတွင်း အရက်သေစာ သောက်စားခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါသည်။ အရက်သည် အစာအိမ်နှင့် အူလမ်းကြောင်းတလျှေကြ် နံရံများ၏ ခုခံစွမ်းအားကို လျော့နည်းစေသောကြောင့် ဖြစ်ပါသည်။

အစာအိမ်သည် ခန္ဓာကိုယ်အတွက် မည်မျှအရေးကြီးကြောင်း အာလုံးသိရှိပြီးဖြစ်သည်။ ထို့ကြောင့် အစာအိမ်ရောဂါ ဖြစ်ပွားနေသည်ဟု သိရှိပါက လုံးဝမပေါ့ဆဘဲ အလျင်အမြန် ပျောက်ကင်းအောင် ကုသသင့်ပါသည်။ ထိုသို့မဟုတ်ပါက အစာအိမ်ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သော
သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း၊ အစာအိမ်ပေါက်ခြင်း၊ အစာအိမ်လမ်းကြောင်း ပိတ်ဆို့ခြင်းနှင့်
နောက်ဆုံးအဆင့်ဖြစ်သော လူသားတို့၏အသက်ကို ရန်ရှာနိုင်သည့် အစာအိမ်ကင်ဆာရောဂါတို့
ဖြစ်ပွားနိုင်သောကြောင့် ဖြစ်သည်

ဆီးချိုရောဂါ

ဆီးချိုရောဂါ
ဆီးချိုရောဂါနှင့်ပတ်သက်၍ လွဲမှားသော ယုံကြည်မှုများနှင့် လိုက်နာရမည့် အချက်များ
On  Sat, 2014-12-20 06:52Issue No.No.598 Saturday, December 20, 2014
အသံတိတ် လူသတ်သမားဟု သိရသည့် ဆီးချိုရောဂါနှင့် ပတ်သက်၍  လွဲမှားသောယုံကြည်မှုများကြောင့် လူအများပိုမို စိုးရိမ်လာကြသည်။ ဆီးချိုရောဂါနှင့်ပတ်သက်သည့် လွဲမှားသော ယုံကြည်မှုများနှင့် လိုက်နာရမည့်အချက်အလက်များကို ဖော်ပြ ပေးလိုက်ပါသည်။

ခါးသော အရသာရှိသည့် အစားအစာများက သွေးထဲသကြား ပါဝင်မှုကို လျော့ကျစေနိုင်သည်ဟု လူအများ လက်ခံယုံကြည်ထား ကြသော်လည်း ကြက်ဟင်းခါးသီးနှင့် တမာရွက်တို့ကဲ့သို့ ခါးသက် သော အရသာရှိသည့် အစားအစာများ စားခြင်းဖြင့် သွေးထဲ သကြားပါဝင်မှုကို လျော့ကျစေမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆို သော် ယင်းအစားအစာများမှာ ခါးသက်သော်လည်း ဂလူးကို့စ်ဓာတ် ကို ကာဗွန်ဟိုက်ဒရိတ် ကြွယ်ဝစွာပါဝင်သော အစားအစာများမှ ရရှိခြင်းကြောင့် ဖြစ်သည်။

ဆီးချိုရောဂါရှင်များအနေဖြင့် ချိုသောအရသာရှိသည့် မည်သည့် အစားအသောက်ကိုမှ စား၍မရဟု လူအများလက်ခံထားကြသည်။ ဆီးချိုရောဂါသည် အများစုမှာ ၎င်းတို့စားသော အစားအစာများတွင် သကြားတိုက်ရိုက်ထည့်သွင်းလေ့ မရှိပေ။ သို့သော် သကြားဓာတ်ပါသော သစ်သီးများ၊ အစစ်နှင့် တူအောင်လုပ်ထားသော အချိုခဲအချို့ကို အစားထိုးအသုံးပြုနိုင်သည်။

ဆီးချိုရောဂါသည်များ သစ်သီးစား၍ မရဟု လူအများယုံကြည် ထားကြသည်။ သို့သော် အမျှင်ဓာတ်နှင့် သကြားဓာတ်ပါဝင်သော သစ်သီးများကို စားနိုင်သည်။ သစ်သီးများတွင် ပါဝင်သောအမျှင် ဓာတ်နှင့် သကြားဓာတ်များ သွေးထဲသို့ နှေးကွေးစွာရောက်ရှိသွား တတ်သဖြင့် ကျွန်တော်တို့ ခန္ဓာကိုယ်က အင်ဆူလင်မပါဘဲ သစ်သီး သကြားဓာတ်ကို အကျိုးရှိစွာ အသုံးချနိုင်သည်။ သို့သော် သစ်သီး ဖျော်ရည်များတွင် ဖိုက်ဘာဓာတ်မပါသဖြင့် သစ်သီးဖျော်ရည်များ မသောက်သင့်ပါ။ ငှက်ပျောသီး၊ မက်မန်းသီး၊ သရက်သီး၊ စပျစ် သီး၊ ဂရိတ်ဖရု၊ ကြံနှင့် သြဇာသီးတို့ကို မစားသင့်ပါ။

ဆီးချိုရောဂါရှင်များ အ၀လွန်ခြင်းနှင့်ဆိုင်သော ခွဲစိတ်ကုသမှု၊ သွေးတိုးရောဂါ ခံစားနေရသူများ အဆစ်အမြစ်နာကျင်နေသူများ၊ ဓမ္မတာမမှန်သူများ၊ မြုံနေသူများ၊ ပန်းနာကဲ့သို့ အသက်ရှူခြင်း ပြဿနာရှိသူများမှာ ခွဲစိတ်ကုသနိုင်သည်။

ဆီးချိုရောဂါရှင်များ ကိုယ်အလေးချိန် အမြန်လျှော့ချပစ်ရန် လိုသည်ဟု လက်ခံထားကြသော်လည်း အ၀လွန်ခြင်းနှင့် ဆီးချိုရောဂါမှာ ဒင်္ဂါးပြားတစ်ခု၏ ခေါင်းနှင့် ပန်းကဲ့သို့ ဖြစ်သည်။ အ၀လွန်သူများ တစ်လလျှင် ကိုယ်အလေးချိန် ၂ ကီလိုလျှော့ချနိုင်သည်။ သို့သော် အစားအစာထိန်းချုပ်ပြီး ရုတ်တရက်ကိုယ်အလေးချိန် လျှော့ချရန် ပညာရှင်များက အကြံပြုမထားပေ